Sunday, March 29, 2009

၂၀၀၉ ခုနှစ် မတ်လ ခရီးသွား မှတ်တမ်း အမှတ် (၁)

မတ်လ ၁၇ ရက်နေ့ မှာ အိမ်ကစပြီး ထွက်ကြတယ်။
မှန်းထားတာက မနက် ၈ နာရီ နဲ့ ၉ နာရီ ကြားပေါ့။
ထွက်ခါနီး မှာ ကားသော့ပျောက်လို့ရှာရတာက တနာရီမကကြာပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကို အပြစ်တင်လို့မရတော့ဘူး။ ခရီးမထွက်ခင် ထုပ်ပိုးတာနဲ့ တအိမ်လုံးလည်း ဗုံးကျဲထားလားအောက်မေ့ရတယ်။ နောက်ဆုံးပြန်တွေ့တာ ကလက်ဆောင်ယူသွားမဲ့ ပဲကြော်အထုပ်ရဲ့ အောက်မှာပေါ့။ ကြုံလို့ပြောရအုံးမယ်...ခရီးသွားရင် အဝေးကသူငယ်ချင်းတွေအတွက် ပဲကြော် နဲ့ ငှက်ပျောပင် သယ်ရတာက ကျွန်မ အတွက်ထုံးစံတခုလိုဖြစ်နေပြီ။

မနက် ၁၁ နာရီ မှာ L.A မြို့ကနေ တကယ်ပဲထွက်ဖြစ်ပါတယ်။ တခုကောင်းတာကတော့ ကိုယ့် ကား နဲ့ ကိုယ် မောင်းတဲ့ ခရီးဆိုတော့ ဆန္ဒရှိသလို ဟိုဝင်ဒီထွက် လုပ်လို့ရတာပါပဲ။

Sacramento မြို့ အထွက်မှာ ညနေစာ ထမင်းကိုအေးအေးဆေးဆေး ထိုင်စားကြတယ်။ Sacramento ကိုလွန်လာပြီးတာနဲ့ ထူးဆန်းတဲ့မြင်ကွင်းတွေကို စပြီးတွေ့ရပါတယ်။ လယ်ကွင်းစိမ်းစိမ်းလေးတွေကိုတွေ့ရတော့ ဗမာပြည်ကို လွမ်းမိသေးတယ်။
ချောင်းတွေ မြစ်တွေကလည်း အများကြီးပဲ။ L.A မှာ မမြင်ရတဲ့မြင်ကွင်းမျိုးတွေပေါ့။

Oregon ကိုမဝင်ခင်မှာပဲ တောင်တက်တောင်ဆင်းတွေ က စတော့တာပဲ။ ည ၁၁နာရီ ကျော်ကျော်လေးမှာပဲ တည်းမယ့် ဟိုတယ်ကိုရောက်တယ်။

တလမ်းလုံး ပင်ပန်းလာ သမျှကို အတိုးချပြီး နား ရတော့တာပဲ။

နောက်တနေ့ မနက်ကျတော့ ပတ်ဝန်းကျင် လေ့လာရေး ထွက်ကျတယ်။
မြင်သမျှမြင်ကွင်းတွေကတော့ စိမ်းစိမ်းစိုစို ပါပဲ။ ဟိုနားဒီနား ကားလျှောက်မောင်းပြီးတော့ ဟိုတယ်မှာ ပြန်နားကြတယ်။ မနက်လည်း ကျရော ဆက်လက်၍ ခရီးထွက်ကြပြန်ရော။